ရေဦး ဇွန် ၂
ပညာရေး၀န်ကြီးဌာန အခြေခံပညာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်နံနက် ၉ နာရီကစတင်ဖွင့်လှစ်ကာ စာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။
စာသင်ကျောင်းများဖွင့်လှစ်၍ စာသင်ကြားနေမှုကို ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရ၊ ခရိုင်ပညာရေးမှူး ဦးကျော်စိုးနှင့် မြို့နယ်တာ၀န်ရှိသူများက အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ရေဦးကုန်းကျေးရွာ(အ.မ.က)၊ အောင်ချမ်းသာရပ်ကွက် (အ.လ.က)၊ ရွှေပြည်သာရပ်ကွက် (အ.မ.က)၊ အောင်ဆန်းရပ်ကွက်(အ.မ.က) အပါအ၀င် အခြေခံပညာကျောင်း ၇ ကျောင်းသို့ သွားရောက်၍ ကြည့်ရှုအားပေးကာ စာသင်ကျောင်းဆောင် ရှိစာသင်ခန်းတွင်း စာသင်ခုံလုံလောက်မှုရှိ/မရှိ၊ ဆရာကျောင်းသား အချိုးညီမျှမှုရှိ/မရှိ၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်က တည်ဆောက်ခဲ့သည့် ကျောင်းခန်းမဆောင်သစ် အသုံးပြုနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောင်းများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ထားရှိရန်မှာကြားပြီး အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ကျွန်မတို့ ရေဦးမြို့နယ်အနေနဲ့ ယခင်နှစ်က ကျောင်းတက်သည့် ကျောင်းသားကျောင်းသူဦးရေ နည်းပါးခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသား ကျောင်းသူဦးရေများစွာ တိုးလာပါတယ်၊ ယခုနှစ်တွင် ရေဦးမြို့နယ်အနေဖြင့် ကျောင်းအပ်နှံပြီး ကျောင်းတက်သည့်ကျောင်းသား/သူ ဦးရေ (၁၂၉၁)ဦး ကျောင်းတက်ရောက်လျက်ရှိပါတယ်၊ အ.မ.ကကျောင်း တစ်ကျောင်းလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်” ဟု မြို့နယ်ပညာရေးမှူး ဒေါ်ချိချိုက ပြောကြားသည်။
သန်းသန်း (ရေဦး