လယ်ဝေးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

လယ်ဝေး မေ ၂၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁ )အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံ ရေးနေ့ အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးအောင်လွင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ မှ ၃၁ ရက်နေ့အထိ သတ်မှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်မှာ မိဘများက မိမိတို့ရဲ့ ရင်သွေးငယ်များကို အားကြိုးမာန်တက်လာရောက်အပ်နှံကြတာတွေ့ရလို့ ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ကျောင်းအပ်နှံရာတွင်လည်း မည်သည့်ငွေကြေးမှ ကောက်ခံခြင်းမပြုဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခုနှစ်မှာ Grade.9 နဲ့ Grade.12 ကိုသင်ရိုးသစ်ဖြင့် သင်ကြားနိုင်မှာဖြစ်လို့ အတန်းစဉ်အားလုံး သင်ရိုးသစ်ဖြင့် သင်ကြားရမှာဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးသည်အဓိကကျ၍ ပညာပြည့်ဝသည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွန်းလာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများအားပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)