မြိတ်မြို့နယ် အခြေခံပညာကျောင်းများတွင် KG  မှ Grade-12 ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

မြိတ်   မေ  ၂၆

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ KG  မှ Grade-12 ကျောင်းသား/သူများကို မြိတ်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအား ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက်မှစတင်ကာ လာရောက်အပ်နှံလျက်ရှိကြရာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြပြီးယနေ့တွင် တာဝန်ရှိသူများက ကျောင်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

“ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်ဖြင့်ကျောင်းနေအရွယ်ကလေးငယ်တိုင်း အခြေခံ ပညာသင်ယူခွင့်ရရှိရန်၊ ကျောင်းအပ်နှံရေး အခွင့်အလှမ်းများရရှိပြီးကျောင်း တက်နှုန်းကျောင်းနေနှုန်း မြင့်မားလာစေရန်နှင့် အခမဲ့ပညာ ရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်ဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် ကျောင်းအသီးသီး၌ ကျောင်းအပ်နှံလက်ခံ ဆောင် ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းအသီးသီး၌ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအားအတန်းအလိုက်ကျောင်း လာရောက်အပ်နှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးငွေစိုးနှင့် ဦးသောင်းအေး၊ မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများဖြင့် ညှိနှိုင်းပေးခဲ့ကြသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအသီးသီးတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်၍ မြိတ်မြို့နယ်အနေဖြင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း(၁၅၆) ကျောင်း ရှိသည်။

မြိတ်မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလ မေလ(၂၃) ရက် မှ (၃၁)ရက်အထိ  KG မှ Grade-12 ကျောင်းသား/သူများကို အတန်းစဉ်အလိုက် ကျောင်း အပ်လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ KG  မှ Grade-6 မူလတန်းအဆင့် ကျောင်းသား/ သူများကို ကျောင်းဝတ်စုံ(၁)စုံ၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ Grade-7 မှ Grade-12  အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/သူများကို ဗလာစာအုပ်နှင့်ကျောင်း သုံးပုံနှိပ်စာအုပ်များကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)