မြောင်းမြ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ သူနာပြုသင်တန်းကျောင်း၌ ငလျင်အန္တရာယ် ကျရောက်လာပါက ပြုလုပ်ရမည့် အချက်များ၊ ရှောင်ရှားရမည့်အချက်များ သိရှိနိုင်ရန် အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က ငလျင်ဘေးသဏ္ဍာန်တူ အသိ ပညာပေး ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်မှ အဖွင့်အမှာစကား ပြောကြားပြီး မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ဇင်ဝင်းမော်မှ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြား သည်။ ဆက်လက်၍ မြောင်းမြမြို့နယ် မီးသတ်ဦးစီးမှူး ဦးခင်ဇော်အောင်မှ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ရမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုကို ပြုလုပ်ရာ မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သူနာပြုသင်တန်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုကူညီရေး အဖွဲ့များ၊ ပူးပေါင်းကာ မြေပြင်လက်တွေ့ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)