မလှိုင် မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး (၁.၆.၂၀၂၃) ရက်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ် မည်ဖြစ်၍ ကျောင်းသား/သူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ အမှတ် (၂) ရပ်ကွက်ရှိ၊ အထက (မလှိုင်) တွင် ယနေ့နံနက် (၇) နာရီအချိန်၌ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၊ အထက (မလှိုင်) မှ ဆရာ/ဆရာမများ စုစုပေါင်းအင်အား (၂၅၄) ဦးခန့်ဖြင့် ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်ရှိ၊ ခြုံနွယ်များ၊ ပေါင်းမြက်များ၊ သန့်စင်ခန်းများပတ်ဝန်းကျင်တွင် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးစိုးမင်းထက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် (၁၂) ရပ်ပါ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး”ဟု ချမှတ်ထားသည့် ဦးတည်ချက်နှင့်အညီ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြား နိုင်ရန် အခြေခံပညာကျောင်းများတွင် ယခုလိုစုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အောင်ဌေး