လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်  ကျောင်းအပ်နှံခြင်းလုပ်ငန်းများအား စတင်လက်ခံဆောင်ရွက်

လှိုင်းဘွဲ  မေ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံလက်ခံခြင်းကို ယနေ့နံနက်ပိုင်းက စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများ ကြီးကြပ်၍ ဆရာ/ဆရာမများက KGတန်းမှ GRADE–12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းသား/သူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံခြင်းကို မေလ(၂၃)ရက်မှ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းအပ်နှံရာတွင် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသုံးစာရေးကိရိယာများအပြင်ကျောင်းဝတ်စုံ (၁)စုံတို့ကိုလည်း အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်

စောဒိ(ပြန်/ဆက်)