ဘားအံခရိုင် Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဘားအံ မေ ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသား/ကျောင်းသူလူငယ်များ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး  အသိပညာပေးဟောပြောပွဲကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးနိုင်ဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး”၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်း ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ စားသုံးသူကာကွယ်ရေးနှင့် ကုန်စည်များ (အသုံးပြုခြင်းသို့မဟုတ် စားသုံးခြင်းပြုသောအရာဝတ္ထုများ)အကြောင်း၊ ဝန်ဆောင်မှုများ အကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရန် သတ်မှတ်ချက်များ၊ စားသုံးသူများ၏ အခွင့်အရေး(၈)ချက်များအကြောင်း၊ စားသုံးသူများ၏ တာဝန်များ(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ (၁၀)ချက်၊ စားသုံးသူ အငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များတိုင်ကြားခြင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။   

ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ  နွေရာသီအင်္ဂလိပ်စာအခြေခံ(Grammar)သင်တန်း တက်ရောက်နေသည့် ကျောင်းသား/ ကျောင်းသူများ မှ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)