ဟိုင်းကြီးကျွန်း မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေးအတွက် ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးထည့်ခြင်းတို့ကို ယနေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ် (၁) ရပ်ကွက်အတွင်း၌ မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအထောက်အကူပြု အဖွဲ့များဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံ ဦးဆောင်သောမြို့ အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအထောက်အကူပြုအဖွဲ့များသည် အမှတ် (၁) ရပ်ကွက်အတွင်းရှိ လမ်းကြိုလမ်းကြားများပါမကျန်အောင် စနစ်တကျစစ်ဆေးပြီး ရေသိုလှောင်ကန်များအား အဘိတ်ဆေးထည့်ခြင်း၊စဥ့်အိုးများအား ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ခြင်ခိုအောင်းနိုင်မည့်နေရာများ မရှိအောင်ဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်ပြီး ခြင်ပေါက်ဖွားမှုမရှိအောင် ရေမြောင်းများကို ပြန်လည်တူးဖော်ပေးခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ နယ်မြေဒေသအားလုံးကိုလည်း ယခုကဲ့သို့ပင် စနစ်တကျ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)