ချောက် မေ ၂၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မိုးဦးကျကာလ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့်ပိုးလောက်လန်း ပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယမန်နေ့ကမြို့ပေါ် ရပ်ကွက်နှင့် ဌာနဆိုင်ရာရုံးများတွင် အဘိတ် (abate) ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးဦးကျကာလတွင် ခြင်ပေါက်ဖွားမှုများ ပြားလာနိုင်သည့် အတွက်ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်း ပေါက်ဖွားမှုမှ ကာကွယ်နိုင်ရေးရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအား အဘိတ်(abate) ဆေးခတ်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးဗဟုသုတ အသိပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဘိတ်(abate) ဆေးခတ်ခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)