သရက်ချောင်း မေ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၏(၂၀၂၃–၂၀၂၄)ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမွှေးနှင့် ဆရာ/ဆရာမ များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ နှင့်မိဘများ၊ ရပ်မိ/ရပ်ဖများယနှင့် ကျောင်းသား/သူများ တက်ရောက်ကာ အဆိုပါအခမ်းအနား အားဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ကို အဓိကဆောက်တည်ရခြင်း ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသိပညာ၊ အတတ်ပညာပြည်စုံ သည့် ပညာတတ်များပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်နေသကဲ့သို့ ကျောင်းနေရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းသား/သူများအားလုံး အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်ရေးအတွက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိရင်သွေးငယ်များ အနာဂတ်ပညာရေးတိုးတက်လာ၍ အမှား/ အမှန်ဝေဖန်ပိုင်းခြားနိုင်အောင် ကျောင်းသားမိဘတိုင်းက ကျောင်းအမြန်အပ်နှံကြဖို့ တိုက်တွန်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာ ကြီးဦးဌေးအောင်က အခမ်းအနားတက်ရောက်လာသော ဆရာ၊ ဆရာမများအား လမ်းညွှန်အမှာ စကားပြောကြားခြင်းနှင့် ကျောင်းသားမိဘများအား "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ တိုက်တွန်းပြောကြားခဲ့ပြီး သရက်ချောင်းမြို့နယ်၊ ပညာရေးမှူး ဒေါ်စန်းမွှေးက ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးအတွက် မသင်မနေရပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရှိကြောင်း၊ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ အသက် ၅နှစ်ပြည့်ပြီးကလေးတိုင်း KG အတန်းကိုလည်းကောင်း၊ အသက် ၆နှစ်ပြည့်သူတိုင်း Grade–1 သို့လည်းကောင်း တက်ရောက်ပညာသင်ကြားနိုင်ပြီး မည်သည့် ခွဲခြားမှုမရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိစေရေး ကျောင်းကိုဝင်ရောက်လာစေရေးအတွက် မေလ ၂၃ရက်နေ့မှ ၃၁ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းတစ်ပတ်ဖြစ် သတ်မှတ်ခြင်း၊ ကျောင်းနေအရွယ်ကလေးသူငယ်အားလုံး ပညာသင်ယူခွင့်ရရှိစေရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိစေရေး၊ ကျောင်းနေနှုန်း၊ ကျောင်းတက်နှုန်းမြင့်မားလာစေရန်ရည်ရွယ်ပြီး ကျောင်းအပ်နှံရေးနေ့ကို လူထုလှုပ်ရှားမှုအသွင် ကျင်းပသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက်တာဝန်ရှိသူများကနိုင်ငံတော်မှအခမဲ့ဖြန့်ဝေထားသောကျောင်းသုံးပစ္စည်းများကို ကျောင်းသား/သူများအား ပေးအပ်ကာ အခမ်း အနားရုပ်သိမ်းခဲ့ကြောင်းသိရပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးဆောင်သောအဖွဲ့သည် သရက်ချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် မိဘများက လာရောက်ကျောင်းအပ်နှံနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)