၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တနင်္သာရီမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

တနင်္သာရီ မေ ၂၅

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး - အစည်းအဝေးခန်းမအတွင်း ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့ ဆောင်ပုဒ် နှင့်အညီ ကျင်းပပြုလုပ်ရာ တနင်္သာရီမြို့နယ် အမှတ် (၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲ မှူးမင်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်နှင့် ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းအုပ်ဆရာ/မ ကြီးများ ၊ကျောင်းသားမိ/ဘအုပ်ထိန်းသူများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက အဖွင့်အမှာစကား ပြောကြားပေးသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အထက်တန်းအဆင့်/ အလယ်တန်းအဆင့်/ မူလတန်းအဆင့် ကျောင်းသား/သူများအား ကျောင်းနေရန် အခက်အခဲမရှိစေရန် နိုင်ငံတော်အဆင့်မှ ကူညီပံ့ပိုးသည့် ပုံနှိပ်စာအုပ်/ ဗလာစာအုပ်/ မှင်တံ/ ခဲတံများနှင့် ကျောင်းဝတ်စုံများကို အမှတ်(၂)စစ် နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် မြို့နယ်ပညာရေးမှူး ဦးခင်ဇော်တို့က ကျောင်းသား/သူများထံ (အခမဲ့) ပေးအပ်ပေးကြကြောင်း သိရသည်။

ထို့နောက်  အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နံနက် ၉ နာရီခွဲ အချိန်မှ စ၍ တနင်္သာရီ မြို့ပေါ်ရပ်ကွက်များရှိ (အထက-တနင်္သာ ရီ)၊(အမက-ချောင်းငယ်)နှင့်(အမက-တပ် ဦး) ကျောင်းများတွင် မေလ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်သတ်မှတ်၍ ကျောင်းအပ်လက်ခံနေမှုအား လိုက်လံကြည့်ရှုပြီး ကျောင်းသားမိဘများအား ရင်းရင်းနှီနှီး မိတ်ဆက်အားပေး စကား ပြောကြားခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စ၍ ကျောင်းနှံလက်ခံလျက်ရှိရာ အထက်တန်းကျောင်း (၃)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) တစ်ကျောင်း၊ အလယ်တန်းကျောင်းတစ်ကျောင်းနှင့် မူလတန်းကျောင်း(၁၁)ကျောင်း၊ စုစုပေါင်း (၁၆)ကျောင်းတို့တွင် (၅)နှစ် အရွယ် (KG) အတန်းမှ ဒွါဒဿမတန်း (Grade-12) သင်ရိုးသစ်အထိ ကျောင်းသူ/သားများအား ကျောင်းအပ်နှံမှု ဆက်လက်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)