ကျွန်းလှမြို့နယ်၌ မိုးမြေပဲ စိုက်ခင်းအတွင်း ဂျစ်ပဆမ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ကျွန်းလှ မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူ ဦးနိုင်၏ မိုး‌မြေပဲ စိုက်ခင်း ၂ ဧကတွင် ယနေ့နံနက် ၇ နာရီက ဂျစ်ပဆမ် ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်း‌ပကြောင်း သိရသည်။

 “မိုးမြေပဲစိုက်ခင်းများအတွင်း ကျောက်မှုန့်မြေဩဇာ ဂျစ်ပဆမ်စနစ်တကျထည့်သွင်း အသုံးပြုခြင်းဖြင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း၊ မြေပဲအတောင့် ကြီးထွားပြီး အစေ့အဆံပြည့်တင်းခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက တောင်သူများအား ရှင်းလင်းပြောကြားသည်။

အဆိုပါ မိုးမြေပဲစိုက် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေး စသည့် စိုက်ပျိုးရေးနည်းပညာများ အသိပညာပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲစိုက်ပျိုးရန် ၇၂၁၀ ဧကလျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စာရင်းများအရ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)