တပ်ကုန်း မေ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတွင် မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန( ရုံးချုပ်)၊ နည်းပညာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းရွှေသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းညွန့်နှင့်တာဝန်ရှိသူများလိုက်ပါ၍ နွေစပါးသီးနှံစိုက်တောင်သူများအား တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တောင်သူများ နွေစပါးသီးနှံစိုက်ပျိုးမှုအခြေအနေနှင့် နွေစပါးသီးနှံ ရိတ်သိမ်းပြီးပါက နိုင်ငံ့စွမ်းအားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောနွေစပါးစီမံကိန်းမှ တစ်ဧကလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ထုတ်ချေးထားသည့် ချေးငွေများအား အချိန်မှီပြန်လည်ပေး ဆပ်နိုင်ရေး၊ ချေးငွေများပြန်လည်ဆပ်ပြီးပါက ပြန်လည်ထုတ်ချေးပေးမည့်အခြေအနေအား ဆွေးနွေးပြောကြားခဲ့သည်။ နွေသီးနှံများအနေဖြင့် ရေအေးကျေးရွာအုပ်စုတွင် လယ်မြေ ၅၂ ဒသမ ၅၀ ဧက၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စုတွင် လယ်မြေ ၁၁၆ ဧက စိုက်ပျိုးထားကြောင်း သိရပြီး၊ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေနှင့်တာဝန်ရှိသူများသည် တပ်ကုန်းမြို့စိုက်ပျိုးရေးသုတေသနခြံသို့ သွားရောက်ခဲ့ပြီး၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တင်သွင်းသည့် ချည်မျှင်ရှည်ဝါ (၉)မျိုး စမ်းသပ်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်