နမ့်ခမ်း မေ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံ ကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀:၃၀) အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားတွင် နမ့်ခမ်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ဌာနဆိုင်ရာအသီးသီးတို့ကို ခွင့်ပြုချက် ရန်ပုံငွေများဖြင့် ပြည်သူလူထုကို အကျိုးပြုမည့် လုပ်ငန်းစီမံကိန်းများကို ရေးဆွဲပြီး အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြေပြင်ပြည်သူလူထုအခြေအနေနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဒေသန္တရဖွံဖြိုး တိုးတက်ရေးကို ဌာနဆိုင်ရာများ ပူးပေါင်း၍ အချိတ်အဆက်မိမိ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိပြီးသည်နှင့် ရေးဆွဲထားသော စီမံကိန်းများကို သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားအနေဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး နမ့်ခမ်းမြို့နယ်၊ စီမံကိန်းဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးနော်အောင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် ဆိုင်ရာများနှင့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံဖြိုးရေးဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာရန်ပုံငွေ ခွဲဝေရရှိမှု အခြေအနေ ဖော်ပြချက်များ၊ နမ့်ခမ်းမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဌာနအလိုက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ရရှိမှုအခြေအနေများ၊ ဒေသန္တရစီမံကိန်း ကဏ္ဍအလိုက် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးရည်မှန်းချက်များ စသည့်တို့ကို တက်ရောက်လာသော မြို့နယ်တာဝန်ရှိဌာနဆိုင်ရာများအား Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် နမ့်ခမ်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာဌာနအလိုက် မြို့နယ်ဦးစီးမှူးများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်များကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)