စလင်းမြို့နယ်၌ ရေဘေးကြောင့် ပျက်စီး/ပျောက်ဆုံးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

မင်းဘူး မေ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင်း၌ စိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှု အများဆုံးဖြစ်ပွားခဲ့သည့် စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့မှ အိမ်ထောင်စုဝင်များအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများကို ယနေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ကွင်းဆင်းဆောင်ရွက်ရေး ပူးပေါင်း အဖွဲ့များက ရေဝင်ရောက်မှုကြောင့် ပျက်စီး/ပျောက်ဆုံးခဲ့သော ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များရှိ အိမ်ထောင်စုဝင်များအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၀)ကျော်နှင့် အိမ်ထောင်စုဇယား (၁၀၀) ကျော်ကို အခမဲ့ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း၊ ထို့အပြင် ပြုလုပ်ပေးရန်ကျန်ရှိသော အိမ်ထောင်စု များအတွက် နေ့စဉ်အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုတ်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က ပြောသည်။

စလင်းမြို့နယ်အတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်း များအဖြစ် ကယ်ဆယ်ရေးပစ္စည်း၊ ထောက်ပံ့ငွေနှင့် အစားအသောက်များ ထောက်ပံ့ပေးခြင်း၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ ရေဝင်ရောက်မှုကြောင့် နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျောရောဂါများ မဖြစ်ပွားစေရေး ရေတွင်း၊ ရေကန်များအတွင်း အဘိတ်ဆေးခပ်ခြင်းနှင့် ယာယီကျန်းမာရေးဆေးခန်းများဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားနိုင်ရေး အခြေခံပညာ ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဌာနဆိုင်ရာများနှင့် ပူပေါင်း အဖွဲ့များက အဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)