ကွတ်ခိုင်မြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကျင်းပသော အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပ

ကွတ်ခိုင် မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် အရာရှိ၊ အရာခံ၊ တပ်သားမိသားစုများမှ မေလ(၂၃)ရက်နေ့ နံနက်(၉)နာရီတွင် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲအားကျင်းပခဲ့ရာ ယ‌နေ့နံနက်(၉:၃၀)အချိန်တွင် ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ သာသနာတော်သက္ကရာဇ် (၂၅၆၇)ခုနှစ်၊ နယုန်လဆန်း(၇)ရက်၊ နံနက်(၉:၃၀)အချိန်၌ ကျင်းပပြုလုပ်သော အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို နမမောတဿ(၃)ကြိမ်ရွတ် ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ တောင်တန်းဆရာတော်ထံမှ ငါးပါးသီလ ခံယူခဲ့ကြသည်။

ဆက်လက်၍ သံဃာတော်များက မေတ္တာသုတ်ချီးမြှင့်ကြပြီး တောင်တန်းသာသနာပြု ဆရာတော် ဦးကဝိန္ဒက မနုမောဒနာ ဂါထာဖတ်ကြားခဲ့သည်။ ထို့နောက် စစ်ဗျူဟာအဖွဲ့(အခြေချ) ကွတ်ခိုင်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုးနှင့်ဇနီး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်မင်းစိုးနှင့်ဇနီးတို့မှ ဦးဆောင်၍ ရေစက်ချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် ဆရာတော် ဦးကုသလာနန္ဒ တောင်တန်းသာသနာပြု(ဗဟို)မှ နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ပေးပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုးနှင့် ဇနီး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်မင်းစိုးနှင့်ဇနီး၊ ခရိုင်/မြို့နယ် ထွေ/အုပ်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရဲတပ်ဖွဲ့ဝင် မိသားစုများက သံဃာတော် အရှင်သူမြတ်များကို ဆွမ်းဆန်စိမ်း‌လောင်းလှူ ခဲ့ကြကြောင်းသိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)