ပွင့်ဖြူ မေ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် ရည်ရွယ် ပြီး ယနေ့နံနက် ၉ နာရီက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း၊ လမ်းဘေး (ဝဲ၊ ယာ) တစ်လျှောက် အရိပ်ရ သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးရာတွင် ဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က တက်ရောက်လာသည့် ကျေးရွာနေပြည်သူများကို အရိပ်ရသစ်ပင် စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်နှင့် အရိပ်ရသစ်ပင်များ ရှင်သန်ကြီးထွားရေး၊ ကျေးလက် ကုန်ထုတ်လမ်း ရေရှည်အသုံးပြု သွားလာနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာနေပြည်သူများနှင့်အတူ ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာ ကုန်ထုတ်လမ်း၊ လမ်းဘေး(ဝဲ ၊ ယာ) တစ်လျှောက်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ထောက်ပံ့ပေးသည့် အရိပ်ရ တမာပျိုးပင် ၄၀၀ အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည်ပေ တစ်မိုင်ကျော်ရှိပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၈ ဒသမ ၅၉၅ သန်းဖြင့် ကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့် ထု တစ်ပေ ကိုးလက်မ ကျောက်ရောမြေ - မြေနီကျောက်စရစ်ခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )