လားရှိုး မေ ၂၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်း၌ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန် လားရှိုးမြို့၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းအပ်နှံမှုကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနေမှုများအား ကြည့်ရှု အားပေးပြီး အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရယာများ၊ ဗလာစာအုပ်နှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကာလအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုအနေဖြင့် အထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ) ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၂၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၉ ကျောင်း၊ မူလတန်းကျောင်း ၇၉ ကျောင်း၊ မူလတန်းကျောင်း (ခွဲ) ၃၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၆ ကျောင်းရှိကြောင်း လားရှိုးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
စိုင်းထွန်း ( လားရှိုး)