ဖြူးမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို သွားလာမှုများသည့်နေရာတွင် စိုက်ထူ

ဖြူး မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက လူနေစည်ကားသည့် ရန်ကုန်-မန္တလေးလမ်းမကြီးဘေး မီးပွိုင့်အနီးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

"ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်အား အသိပေးစိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြပြီးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းသီတင်းပတ်အစီအစဉ်အနေဖြင့် မေ ၂၃ ရက်မှ မေ ၃၁ ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ထိ ဖြူးမြို့နယ်အတွင်း  ကျောင်းအပ်လက်ခံရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စုစုပေါင်း  (၁၉၀၀၀)ဦးကျော် ကျောင်းအပ်လက်ခံနိုင်ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)