ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာတွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် မေ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုဝါနှင့် မိုးကြိုပဲတီစိမ်းစသည့် နွေသီနှံများ စိုက်ကြရာ အရှေ့ငယ် တိုးကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပဲတီစိမ်းစိုက် တောင်သူအများစုသည် စိုက်ခင်းများအောင်မြင်စေရေး မစိုက်ပျိုးမီ ပဲတီစိမ်းသီးနှံများတွင် ကျရောက်တတ်သည့် မြေအောက်ပိုးနှင့် ပင်စည် ထိုးယင်များ ကာကွယ်နိုင်ရန်အတွက် မျိုးစေ့များအား အင်မီဒါကလိုဗစ်၊ ဖျူရာဒန် ပိုးသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်ပြီး အဝါရောင် မိုစေ့ ရောဂါ သယ်ဆောင် သည့် ယင်ဖြူများကာကွယ်ရန်အတွက် အပင်သက်တမ်း (၁၄)ရက်သားမှစ၍ ထိသေ၊ စားသေ ပိုးသတ်ဆေးတစ်မျိုးမျိုး ဖျန်းကာ ပေါင်းမြက်ရှင်းလင်းခြင်း များကိုလည်း ပန်းပွင့်နှင့် သီးကင်းများ ဝင်ချိန်အထိ  ဆောင်ရွက်ကြကြောင်း၊ ပန်းပြချိန်တွင် ယူရီယားထမင်းစားဇွန်း(၄)ဇွန်း၊ လက်ချားမှုန့်(၁)ဇွန်းဖျော်၍ နံနက် ပိုင်းတွင် အရွက်အောက် မျက်နှာပြင်တွင်ဖျန်းပေးပါက အသီးအပွင့်များ ပိုမိုအောင်မြင်ကြောင်း ပဲတီစိမ်းစိုက် တောင်သူ ဦးစောနိုင်ထွန်း ပြောပြ၍ သိရသည်။

ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပဲတီစိမ်းစိုက်တောင်သူများ ပဲအထွက်တိုးပွား စေရန်အတွက် မြေပြင်ချိန်တွင် နွားချေးသဘာဝမြေဩဇာ များ အသုံးပြုရေး၊ ဒေသနှင့် ကိုက်ညီသည့် ရေဆင်း (၁၁)နှင့် ရေဆင်း(၁၄) ပဲတီမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ အပင်ဖြစ်ထွန်းရန်နှင့် အသီးအပွင့် တိုးပွား စေရန်အတွက် တစ်ဧကတွင် ပဲတီစိမ်းမျိုးစေ့ (၆)ပြည်မှ (၈)ပြည်နှုန်း အသုံးပြုပြီး ဖေဖော်ဝါရီလလယ်မှ ဩဂုတ်လလယ်အထိ စိုက်ပျိုးကြရေး၊ လိုအပ်သည့် အချိန်တွင် အထွက်နှုန်း ပိုမိုရရှိစေရန် တစ်ဧက ယူရီးယား(၈)ပြည်၊ တီစူပါ (၂၄)ပြည်၊ ပိုတက်ရှ် (၁၂)ပြည်နှုံး ထည့်သွင်းစိုက်ပျိုးရေး နည်းပညာများ စနစ်တကျ ကွင်းဆင်းကူညီ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)