ပဲခူး မေ ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းကဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသားအသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးငယ်များသည် အနာဂတ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင်ကောင်းများ သားကောင်းရတနာများဖြစ်သည့် အားလျော်စွာ ပညာတတ်လူငယ်များ ဖြစ်လာစေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိကြောင်း၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏အနာဂတ်လည်း တောက်ပြောင်လာမှာဖြစ်ကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသာမက လူ့အဖွဲ့အစည်း ရှင်သန်မှုအတွက် အဓိကရေသောက်မြစ် ဖြစ်သည့်အတွက် မိမိတို့၏သားသမီးများအား အကောင်းဆုံး ပြုစုပျိုးထောင်ပေး ကြစေလိုကြောင်း၊ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ဝန်ထမ်းများ၏ သား/သမီးများ ပညာရည် မြင့်မားစေရေး ဆက်လက်ထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက္ကသိုလ်တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူ ပစ္စည်းများကိုလည်းကောင်း၊ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများက အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်း ပညာသင်ကြားနေသည့် ကျောင်းသား/သူများအား ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ၊ ကျောင်းသား/ ကျောင်းသူ ဝန်ထမ်းမိဘများ ကိုယ်စားကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)