ရှမ်းရွာသစ်မြို့တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေပြီး သီးနှံများ အထွက်နှုန်း တိုးတက်စေရေး သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

ရှမ်းရွာသစ်  မေ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ကွီးလေးကျေးရွာအုပ်စုရှိ တောင်သူဦးအောင်သန်းပိုင် လယ်မြေ (၃)ဧကတွင် တောင်သူများ မိုးသီးနှံပန်းတိုင် အထွက်နှုန်း ရရှိစေရေးနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေပြီး သီးနှံများ အထွက်နှုန်း တိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီ အချိန်တွင် သစ်စိမ်း မြေဩဇာ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်အောင်က သစ်စိမ်းမြေဩဇာ သုံးစွဲခြင်း၏ အကျိုးကျေးဇူးများ အကြောင်းကိုလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်မောင်က ပိုက်ဆံလျှော်နှင့် အခြားသစ်စိမ်းပင်များကို မြေဩဇာအဖြစ် အသုံးပြုမည်ဆိုပါက စိုက်ပျိုးထားရှိပြီး ထယ်ထိုး နစ်မြုပ် သော အချိန်သည် အထူးအရေးကြီးကြောင်း၊ သက်တမ်းကြာလေအထွက် ပမာဏပိုမိုများလာလေဖြစ်သော်လည်း အရိုး၊ အကိုင်းနှင့် ပင်စည်များ ရင့်မာ လွန်းသည်အထိ စောင့်ဆိုင်းထယ်ထိုး နစ်မြုပ်ပါက ဆွေးမြေ့စေရန် အချိန်ပိုမိုကြာမြင့်နိုင်မည်ဖြစ်ကြောင်း၊ စပါးတစ်ဧကလျှင် (၄)ပြည်နှုန်း သုံးစွဲရကြောင်း စသည်ဖြင့် သစ်စိမ်းမြေဩဇာသုံးစွဲနည်းနှင့် ပတ်သက်၍ တောင်သူများအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း အောင်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦး၊ ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမြင့်မောင်တို့က မဲသမူးကျေးရွာအုပ်စုနှင့် ကွီးလေး ကျေးရွာအုပ်စုရှိ တောင်သူ(၅၀)ဦးတို့အား သစ်စိမ်းမြေဩဇာများကို ထောက်ပံ့ပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပြီးနောက် သစ်စိမ်း မြေဩဇာ စိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုရှိရာ မိုးစပါး စိုက်ဧက (၅၇၈၈)ဧကနှင့် တောင်ယာ (၂၁၆၃) ဧကရှိကြောင်း၊ မိုးစပါး စိုက်ပျိုးရေးနှင့် ပတ်သက်၍ နည်းပညာများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)