မုံရွာ မေ ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် အကောင်ထည်ဖော်ဆောင်ရွက်မည့် နွေစပါးသီးနှံ (၇၇၁၂) ဧက အတွက် တန်ဖိုးငွေကျပ် သိန်း(၁၅၄၂၄)အား သွင်းအားစုကုမ္ပဏီသို့ Cheque ဖြင့် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ၊ အာမိုကုမ္ပဏီ (သွင်းအားစု အစုအဖွဲ့)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက “နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်ဖြစ်သော နိုင်ငံ၏ စီးပွားရေး အခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသည့် မူဝါဒနှင့် အညီလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးရေး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်း ဝင်ငွေတိုးတက်စေရန် ဤစီးမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် နွေစပါးဧက (၁၅၁၂၂)ကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ယခုပထမအကြိမ် ဧက(၇၇၁၂)၊ တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် သွင်းအားစု တန်ဖိုးငွေကျပ် သိန်းပေါင်း (၁၅၄၂၄)ကို စာချုပ်ချုပ်ဆိုပြီးဖြစ်၍ သွင်းအားစု ကျသင့်ငွေအား ညွှန်ကြားချက်နှင့်အညီ Cheque ဖြင့် ပေးချေခြင်းဖြစ်ကြောင်း ရှင်းလင်းအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးဝင်းလှိုင်ဦးက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် အကောင်ထည်ဖော်ဆောင်ရွက်မည့် နွေစပါးသီးနှံ (၇၇၁၂) ဧကအတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် တန်ဖိုးငွေ ကျပ်သိန်း(၁၅၄၂၄)အား အာမိုကုမ္ပဏီ (သွင်းအားစုအစုအဖွဲ့)သို့ Cheque ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)