ပေါက်ခေါင်းမြို့၌ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပေါက်ခေါင်း မေ ၂၅

ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာသင်တန်းကို အ.ထ.က(ပေါက်ခေါင်း) စာသင်ခန်းမတွင် မေလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ရာ အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က သင်တန်းဆင်းအမှာစကားနှင့်သင်တန်းသား သားငယ်သမီးငယ်များအနေဖြင့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ် (၃) ပါးကို အမြဲဦးထိပ်ထားပြီး ကြည်ညိုသဒ္ဒါပွါးများပါက အရာအားလုံး စိတ်ကျန်းမာစွာဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဘာသာသာသနာနှင့် နိုင်ငံ‌တော်အတွက် အဖိုးတန်သော သားကောင်း၊ သမီးငယ်များဖြစ်အောင် ကျင့်ကြံနေထိုင်သွားပါရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာမနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအတွက် သင်တန်းဆင်းအောင်လက်မှတ်များကိုပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဆရာမ (၅) ဦးက ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာနှင့် ဗုဒ္ဓဝင်အကျဉ်း၊ သမ္မောဒမာနဇာတ်တော်၊ ပြည်သူ့နီတိ၊ သားသမီးကျင့်ဝတ်(၅)ပါး၊ မိဘကျင့်ဝတ် (၅) ပါး၊ အရပ် (၁၀) မျက်နှာ မေတ္တာပို့၊ ထိခြင်းငါးပါးဖြင့် ဘုရားရှိခိုးနည်း စသည့်ဘာသာရပ်များကို သင်တန်းသား၊ သင်တန်းသူ (၆၀) ဦးတို့အား အသေးစိတ် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)