မြင်းခြံ မေ ၂၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း စပယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ထို့နောက် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက "နှလုံးသားကို အလှဆင်ပါ" တေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။ နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေသော အခြေခံပညာအထက် တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/သူများအား ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ၊ ကျောင်းဝတ်စုံများကို မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ကျောင်းသား/သူများက လက်ခံရယူခဲ့သည်။ အခမ်းအနားကို အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက "ပြည်မြန်မာ" သီချင်းဖြင့် ပိတ်သိမ်း ဧည့်ခံဖျော်ဖြေခဲ့ သည်။
အဆိုပါ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်း၊ ကျောင်း အကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)