ပျဉ်းမနား မေ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခရိုင်နှင့် မြို့နယ်များရှိ ဈေးများအတွင်း အသား/ငါး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းစေရေး စီမံချက်အရ ပျဉ်းမနားမြို့နယ် ယုဇနဈေး၌ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စားသောက်ကုန်များကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်းခူနှင့် တာဝန်ရှိသူများ၊ ယုဇနဈေးတာဝန်ခံ ဦးသိန်းဝင်းနိုင်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဦးစားပေး ဆောင်ရွက်နိုင်ရန်၊ နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသိပေး ဆွေးနွေးပြောကြားခဲ့ပြီး ယုဇနဈေး၌ ရောင်းချနေသည့် စားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် ကြုံတွေ့ရသည့် အခက်အခဲ အခြေအနေ များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)