ပွင့်ဖြူမြို့နယ်၌ မိုခါ မုန်တိုင်းမိုးကြောင့် နွေနှမ်းစိုက်ခင်းနှင့် မိုးကြိုသီးနှံစိုက်ခင်း ဧက လေးသောင်းကျော် ရေနစ်မြုပ်မှုကြောင့် ပျက်စီးမှုဖြစ်ပွားခဲ့

ပွင့်ဖြူ မေ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မေ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် မိုခါ မုန်တိုင်း အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် နွေနှမ်းစိုက်ခင်းများနှင့် မိုးကြိုသီးနှံ စိုက်ခင်းဧက လေးသောင်းကျော် ရေနစ်မြုပ်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုခါ မုန်တိုင်းအရှိန်ကြောင့်  မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးထား ရှိသည့် နွေနှမ်း ၃၇၈၂၈ ဧက ရေဝင်နစ်မြုပ်ခဲ့၍ ပျက်စီးဆုံးရှုံးခဲ့ပြီး မိုးကြိုသီးနှံအဖြစ် စိုက်ပျိုးထားသည့် ပဲတီစိမ်း စိုက်ခင်း ၃၁၈၀ ဧက၊ နေကြာသီးနှံ ၂၀ ဧကတို့ ရေနစ်မြုပ် ပျက်စီးခြင်းများဖြစ်ပွားခဲ့ရာ စုစုပေါင်း သီးနှံစိုက်ဧက ၄၁၀၂၈ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး ၁၄၁၃၀ ဧက၊ နွေနှမ်း ၄၈၀၇၈ ဧက၊ စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၂၂၀၈ ဧက စိုက်ပျိုးထားရှိကြောင်း၊ ထို့အပြင် သီးနှံဝင်ငွေတိုးပွားရေးအတွက် မိုးကြိုသီးနှံအဖြစ် ပဲတီစိမ်းသီးနှံ ၅၆၂၄ ဧက နှင့် နေကြာသီးနှံ ဧက ၂၀ တို့ကို စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )