ရမည်းသင်း မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြီးမှူး၍ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံစာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်၌ ရွှေစည်းခုံကွက်ရှိ ဪညာ့အရိပ် ဘော်ဒါကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား၊ကျောင်းသူ လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သော အသိပညာ ဗဟုသုတများ သိရှိစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ ဆိုးကျိုးများကို ပညာပေးရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များအား မူးယစ်ဆေးဝါး အမျိုးအစားနှင့် ဆိုးကျိုးများအား ဉာဏ်စမ်းမေးဖြေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ မူးယစ်ဆေးဝါး အမျိုးအစားများ သိရှိစေရန် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ကျောင်းသူလူငယ်များ လေ့လာကြည့်ရှု မှတ်သာခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင် (ပြန်/ဆက်)