မက်မန်း မေ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အမျိုးသမီးများနှင့်သက်ဆိုင်သော အခွင့်အရေး အကာကွယ် ပေးထားသော ဥပဒေ၊ သက်ကြီးရွယ်အို ဥပဒေ CEDAW နှင့်ပတ်သက်သော အသိပညာပေးဟောပြောပွဲကို မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက မြန်မာနိုင်ငံအနေဖြင့် CEDAW အဖွဲ့ဝင် ဖြစ်ပေါ်လာပုံအကြောင်းအား အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ထွန်းနိုင်က အမျိုးသမီးများနှင့် သက်ဆိုင်သော အခွင့်အရေးအကာအကွယ်ပေးထားသော ဥပဒေများ အကြောင်းအားလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးထက်ပိုင်ဦးက သက်ကြီးရွယ်အို ဥပဒေ၊ CEDAW နှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချိုက အမျိုးသမီးများနှင် ပတ်သက်၍ ကူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းနှင့် အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုများအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။ ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသူများ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဟောပြောပွဲသို့ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)