သထုံ မေ ၂၅
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက တိုင်းရင်းဆေးပညာနှင့် ရာသီတုပ်ကွေးအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စမ်းသီတာလှိုင်က ရာသီတုပ်ကွေးရောဂါဖြစ်ပွားလေ့ရှိသည့်ကာလများနှင့် ဖြစ်ပွားရသည့်အကြောင်းများ၊ ရာသီတုပ်ကွေး၏ ရှေ့ပြေးရောဂါလက္ခဏာများနှင့် ဖြစ်ပွားပြီးနောက်ဆက်တွဲ ရောဂါများ၊ မဖြစ်ပွားအောင် လိုက်နာကျင့်သုံးရမည့် သောက်သုံးရေသန့်ရှင်းရေး၊ အစားအသောက်သန့်ရှင်းရေး၊ လက်သန့်စင်ရေး၊ အိမ်သာသန့်ရှင်းရေး စသည့်အချက်များ၊ ရာသီတုပ်ကွေးရောဂါဖြစ်ပွားပါက တိုင်းရင်းဆေးနည်းအရ ကာကွယ်ကုသရမည့် နည့်လမ်းများနှင့် တိုင်းရင်းဆေးပစ္စည်းများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
နဒီ(ပြန်/ ဆက်)