ငပုတော မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ယနေ့နံနက် (၉:၀၀) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာအခမ်းအနားကို အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေး မှူးဒေါ်ကျင်အေးက ကျောင်းအပ်နှံရေးနှင့် လမ်းညွှန်မှာကြားရာ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ၂၃ ရက်နေ့ နံနက်( ၉) နာရီအချိန်မှ စတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု စတင်လက်ခံပေးနေပြီး မေလ(၃၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်း၊ ယခုအခါမြန်မာနိုင်ငံ၏ ပညာရေးသည် စနစ်သစ်ဖြစ်ရာ သင်ကြားပို့ချပေးမည့် ဆရာ၊ ဆရာမများမှာလည်း KG မှ G-12 အထိ သင်တန်းများ တက်ရောက် ပြီးစီးပြီဖြစ်သောကြောင့် သင်ကြားရေးအတွက် အဆင်သင့်ဖြစ်နေကြောင်းနှင့် နိုင်ငံတော်မှ ပညာရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေထားသော ကျောင်းသုံးပစ္စည်းများဖြစ်သည့် ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးသူရကျော်နှင့် အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းနှင့် မြို့နယ်ပညာရေးမှုးနှင့် ဌာနဆိုင်အကြီးအကဲများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)