၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်

ပုသိမ် မေ ၂၅

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်   အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ် များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပြိုင်ပွဲဝင်ကစားသမားများ၏ အားကစားနည်း အလိုက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိမှုများနှင့် ကြိုးစားမှုများသည်လည်း တစ်ကြိမ်နှင့် တစ်ကြိမ် တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ လေ့ကျင့်မှုကောင်းကောင်းဖြင့် လေ့ကျင့် ထားမည်ဆိုပါက ပြိုင်ပွဲများ၌ အောင်မြင်မှုများ မလွဲမသွေရရှိမှာ ဖြစ်ပါကြောင်း၊ လေ့ကျင့်သား ပြည့်ဝရန်အတွက် စခန်းသွင်းလေ့ကျင့်မှုနှင့် ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများလည်း ဆောင်ရွက်ထားရှိပါကြောင်း၊ မိမိတို့ရရှိခဲ့သည့် ဆုတံဆိပ်များထက် တစ်ဆင့်ပြီးတစ်ဆင့် မြင့်အောင်ကြိုးစားရမှာဖြစ်ပါကြောင်း၊ အားကစားနည်းသည် ပညာရေးနှင့် တွဲနေသောကြောင့် ပညာရေးဘက်ကိုလည်း မလစ်ဟင်းအောင် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်အားကစားသမားအနေဖြင့် မိမိတို့ဝါသနာပါသည့် အားကစား နည်းအား အောင်မြင်အောင် ကြိုးစားပြိုင်ပွဲဝင်ကြရန် လိုပါကြောင်း၊ ကျန်းမာရေးအား အထူးဂရုစိုက်၍ ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက် စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်လည်း လိုပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမား ဖြစ်ကြပါစေကြောင်း” တိုက်တွန်းအမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းတွင် နည်းပြအုပ်ချုပ်နှင့် အားကစားသမား စုစုပေါင်း (၃၀)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)