ကျောင်းကုန်း မေ ၂၅
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အ.ထ.က(၁) Grade 6 မှ ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက "အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက" ဖြစ်ပါကြောင်း၊ မြို့နယ်ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးနှင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းသို့ရောက်ရှိစေရေး စည်းရုံးပြောဆိုပေးကြဖို့ ပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့် က ယခုပညာရေးစနစ်မှာ ၅း၄း၃ ဖြင့် ပြောင်းလဲကျင့် သုံးနေကြောင်း၊ ကျောင်းသန့်ရှင်းရေးလည်း အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် မူလတန်းဆင့် ကျောင်းဝတ်စုံများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က လက်ခံရယူခဲ့ပြီး၊ အ.ထ.က(၁) Grade 9 မှ ကျောင်းသား/သူများက "ဇာတိမာန်" သီချင်းသီဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)