ဟိုပုံး မေ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးတင်ထူးမောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူး ဦးစိုးသစ်တို့က မြို့နယ်အဆင့်ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် အခမ်း အနားကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့်ဖွင့် လှစ်သည်။ ထို့နောက် ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့ အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းသား၊ ကျောင်းသူများကို လက်ခံ ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ကြီး တည်ဆောက်အံ့” ဟူသောဆောင်ပုဒ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟိုပုံးမြို့နယ် အတွင်း အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(၃) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၉)ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) (၁၂)ကျောင်း၊ အခြေခံပညာမူလတန်းလွန် ကျောင်း(၁၉) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၁၄)ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်း(ခွဲ)(၁၆)ကျောင်း၊ စုစုပေါင်း(၁၈၁)ကျောင်းဖွင့်လှစ် ထားပြီးဖြစ်ပါကြောင်း၊ ယခုအချိန်မှာ နိုင်ငံတော်က အခမဲ့ ပညာရေးစနစ်ကို အကောင်အထည် ဖော်ပြီး KG မှ Grade-12 ထိ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း (ပေါင်လင်း) ကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းတွင် စက်မှု(၃)ဘာသာဖြစ်သော Building Technology (အဆောက်အဦ ဆောက်လုပ်ခြင်းနည်းပညာ)၊ Electrical Technology (လျှပ်စစ်နည်းပညာ)၊ Machine Technology (စက်ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်သည့်နည်းပညာ)၊ စိုက်ပျိုးရေးနည်းပညာနှင့် မွေးမြူရေးနည်းပညာစသည့် ဘာသာရပ်များကို ကျောင်းသင်ဘာသာရပ်များနှင့် တွဲဖက်၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်ဟာ “ပညာခေတ်” ဖြစ်ပါကြောင်း၊ ပညာခေတ် ဖြစ်တာနဲ့အညီ ယနေ့လူငယ်များ ပညာတတ်အောင် သင်ယူကြဖို့လိုအပ်ပါကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်များ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းရောက်ရှိရေး ဝိုင်းဝန်းကူညီ ပေးကြဖို့ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းနှင့် အလှူရှင်များက ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်စသည့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြောင်းသိရသည်။ ဆက် လက်၍ ကျောင်းသားမိဘများက ကျောင်းအပ်နှံနေကြသည့် အခြေအနေတို့ကို တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)