မဘိမ်း မေ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထို့သို့ ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင် KG တန်းမှ Grade-12 တန်းအထိ ကျောင်း သား၊ ကျောင်းသူများအား အတန်းအလိုက်ဆရာ၊ ဆရာမများက ပညာရေးဝန်ကြီးဌာနမှပေးအပ်သည့် ကျောင်းသုံးဗလာစာအုပ်များ၊ ပြဌာန်းစာအုပ်များ၊ ခဲတံများ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ကျောင်းအပ်နှံခြင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးသန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (မဘိမ်း)