ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို အမှိုက်ကောက်ယူခြင်း Plastic Campaign ဆောင်ရွက်

ပြင်ဦးလွင် မေ ၂၄

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်း အမှတ်အကြို အမှိုက်ကောက်ယူခြင်း plastic campaign အား ယနေ့ နံနက်ပိုင်းက ရွှေမြင်တင် ဘုရားဝင်းနှင့် ကန်တော်လေး ကန်ဘောင်တစ်လျှောက်၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့်  “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်နှင့် အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး  ဦးမျိုးသီဟ ဦးဆောင်သော ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနနှင့် အနီးစခန်း လေယာဉ်ကွင်းမှ တာဝန်ရှိသူများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ Green Challenge Association (GCA) မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၇၀) ခန့်က ပလတ်စတစ် ညစ်ညမ်းမှုကင်းဝေးစေရေး အမှိုက်ကောက်ယူခြင်း Plastic Campaig ကို ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ပြီး သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ဖြစ်လာစေရေးအတွက် ပြည်သူများပါ ပူးပေါင်းပါဝင်စေရေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး လှုပ်ရှားဆောင်ရွက်မှုများအနေဖြင့် ပလတ်စတစ်သုံးစွဲမှု လျော့ချရေးအတွက် ပြင်ဦးလွင်မြို့မဈေးကြီးနှင့် သုမင်္ဂလာ ဈေးတို့တွင် recycle ဈေးဝယ်အိတ်များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ်(ပြန်/ဆက်)