မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လားရှိုးခရိုင်ဘဏ်ခွဲမှ မြို့နယ်လေးမြို့နယ်ရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်များထုတ်ချေး

လားရှိုး မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်အတွင်းနှင့် ကျောက်မဲခရိုင်အတွင်းမှ မြို့နယ်လေးမြို့နယ်မှ တောင်သူများအတွက် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊ လားရှိုးခရိုင်ဘဏ်ခွဲမှ မေလ ၁၈ ရက်နေ့မှ စတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊လားရှိုးခရိုင်ဘဏ်ခွဲမှ   လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၁) ရွာမှ တောင်သူပေါင်း (၂၈၈) ဦး၏ စပါးဧက (၈၉၉) ဧက၊ ပြောင်း (၄၃၁) ဧကအတွက် ချေးငွေ (၁၇၇၉.၅) သိန်း  ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

လားရှိုးခရိုင် ဘဏ်ခွဲအနေဖြင့် လားရှိုူးခရိုင်အတွင်းရှိ လားရှိုး ၊သိန္နီ ၊ မိုင်းရယ်မြို့နယ်များရှိ တောင်သူများနှင့် ကျောက်မဲခရိုင်အတွင်းရှိ နမ္မတူမြို့နယ်အတွင်းရှိ တောင်သူများအတွက် စိုက်ပျိုးစရိတ်များကို မြို့နယ်များအထိ ကွင်းဆင်းကာ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူများအတွက် စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် စပါးစိုက်ဧက တစ်ဧကလျှင် တစ်သိန်း ငါးသောင်းကျပ်၊ပြောင်းစိုက်ဧက တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း လားရှိုးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

စိုင်းထွန်း(လားရှိုး)