နမ့်စန်(တ) မေ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် တွင် ၂၀၂၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ မေလ ၂၃ ရက်နေ့မှစ၍ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှုအခြေ အနေများကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ ဆရာ/ဆရာမများက ကျောင်းအပ် လက်ခံနေမှုအခြေအနေ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအခမဲ့ ထုတ်ပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်အခြေခံပညာ ကျောင်း (၁၂၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၃) ကျောင်း စုစုပေါင်း(၁၃၃)ကျောင်းရှိပြီး မေလ ၂၄ ရက်နေ့အထိ ကျောင်းအပ်နှံမှုစာရင်းအရ လာရောက်အပ်နှံသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၁၅၆၆ ဦး ရှိပြီဖြစ်ကြောင်းနှင့် ထပ်မံလာရောက် အပ်နှံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သူရအောင်(ပြန်/ဆက်)