ဆီဆိုင်မြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ဆီဆိုင် မေ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် ယနေ့ နံနက် ၂ နာရီခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်တွင် မေ ၂၅ ရက် နံနက် ၂ နာရီခန့်က ဒေါ်နုနုနေထိုင်သည့် နေအိမ်အတွင်းရှိ အလျား  ၁၈ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၂၄ ပေရှိ ပျဉ်ထောင်၊ သွပ်မိုး၊ ခြေတံရှည် နေအိမ်တစ်လုံး၊ နေအိမ်ခြံဝန်း အတွင်းကပ်လျက် အလျား ၈ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၂၅ ပေရှိ ထရံကာ၊ သွပ်မိုး၊ ပျဉ်ခင်း၊ နေအိမ်တစ်လုံးနှင့် Luojia 110 ဆိုင်ကယ်တို့မှာ မီးဖိုမီးကြွင်းမီးကျန်မှတဆင့်  မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အဆိုပါမီးလောင်နေရာသို့ ဆီဆိုင်မြို့မစခန်းမှူး ဒုရဲမှူး ခွန်းဂေဗရယ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနယ်လ်ဆင်လှမြိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးနှင့် ရပ်ကွက်သူ/သားများမှ ပူးပေါင်း၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ  နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း  မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)