စစ်ကိုင်း မေ ၂၅
စစ်ကိုင်းခရိုင် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို မေ(၂၅)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ယနေ့အချိန်မှာ ကမ္ဘာ့ပတ်ဝန်ကျင် ယိုယွင်းပျက်စီးလာမှုနှင့်အတူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးဟာ ရာသီဥတုပြောင်းလဲမှုနှင့် နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါတယ် မြေထု၊ ရေထု၊ လေထုများညစ်ညမ်းလာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာယိုယွင်လာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးလာခြင်း စသည့်ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါတယ် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကြုံတွေ့ခဲ့ရတဲ့ သစ်တောပြုန်းတီးခြင်းရဲ့ အဓိကအကြောင်းရင်းတွေကတော့ အလွန်အကျွံသစ်ထုတ်ခြင်း၊ အမြဲတမ်းစိုက်ပျိုးမြေအဖြစ် ပြောင်းလဲဖို့ သစ်တောကိုရှင်းလင်းပစ်ခြင်းစတဲ့ အကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပါတယ် ဒီလိုပြုန်းတီးနေမှုကို တန်ပြန်ရင်း ပြန်လည်စိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမှာဖြစ်သလို ထိန်းသိမ်းရေး လုပ်ငန်းတွေကို သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တစ်ခုတည်းမဟုတ်ဘဲ ဆက်စပ်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သစ်ပင်စိုက်ပျိုးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက သစ်ပင်စိုက်ပျိုးရန် ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြကာ စုပေါင်း သစ်ပင်စိုက်ပျိုးပေးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးရာတွင် တမာ(၁၅၀)ပင်၊ ဖျောက်ဆိပ်(၂၅)ပင်၊ မယ်ဇလီ(၂၅)ပင်၊ ယင်းမာ(၂၅)ပင်၊ စိန်ပန်း(၄၅)ပင်၊ မျှင်ဝါး(၃၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်( ပြန်/ဆက်)