ဓနုဖြူ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ရေတွင်းကုန်းကျေးရွာအုပ်စု၊ အ.မ.က ရေတွင်းကုန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဆရာကြီးဦးလှဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မင်္ဂလာမောင်မယ် ကလေးများမှ ခုနှစ်နေ့ ဘုရားရှိခိုး၊ မင်္ဂလာကဗျာများဖြင့် ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ အသင်းဖွဲ့များမှ စာရေးကိရိယာများ၊ ဗလာစာအုပ်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ လှူဒါန်းပေးအပ်ခဲ့ပြီး၊ ကျောင်းသား၊ ကျောင်သူများအား အာဟာရဒါနအဖြစ် မုန့်များလှူဒါန်းခဲ့ကြသည်။ အဆိုပါ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဆင့်ပွားသင်တန်းကို ကျောင်းသား၊ကျောင်းသူ (၄၀)ဦး တက်ရောက်သွားမည်ဖြစ်ပြီး၊ သင်တန်းကို မေလ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ နေ့စဉ် နံနက် ၉နာရီမှ ၁၂နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်ပညာရေးမှူးဦးလှဌေး၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား/ကျောင်းသူ (၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)