ပခုက္ကူ မေ ၂၅
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် Grade-12(သင်ရိုးသစ်) ဆင့်ပွားသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ပခုက္ကူတက္ကသိုလ်၊ လေးထပ်ဆောင် (ဘွဲ့နှင်းသဘင်)ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် ယင်းနိုင်ငံရှိ ခေတ်ပညာတတ် လူသားအရင်းအမြစ်၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍအရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားစေရန် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားမဟာဗျုဟာစီမံကိန်း (၂၀၂၁-၂၀၃၀)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းတွင်ပို့ချပေးမည့် ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို ကြိုးစားလေ့လာသင်ယူကြရန်လိုအပ်ကြောင်းဖြင့် သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အခြေခံပညာအထက်တန်းအဆင့် (Grade-12) သင်တန်းသား၊ သင်တန်းသူများမှ ဝိဇ္ဇာဘာသာရပ်ကိုယ်စား သင်တန်းသူ ဒေါ်မြတ်သူဇာနှင့် သိပ္ပံဘာသာရပ်များကိုယ်စား ဦးသန်းဇော်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးတို့က သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအားပေးစကား ပြောကြသည်။
အဆိုပါသင်တန်းကို ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ဌာနအသီးသီးမှ တွဲဖက်ပါမောက္ခအဆင့်အပါအဝင် သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၄၃)ဦးတို့က ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်မှ ၂၄ ရက်အထိ အခြေခံပညာအထက်တန်းအဆင့် Grade-12(သင်ရိုးသစ်) ဘာသာရပ် ၉ ခုကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ရာ ပခုက္ကူခရိုင်အတွင်းက အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် လေ့ကျင်ရေးအထက်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၈၀၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)