အထက်မင်းလှ မေ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မေလ(၂၃)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့်လူနေအိမ် (၁)လုံး၊ တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီး လူနေအိမ်(၅၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းကမလွန်ကျေးရွာ၊ရေခါးကျေးရွာ၊ ကဒကျေးရွာနှင့် ညောင်ပင်ကျင်းကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းထွန်းအောင်က အမှာစကားပြောကြားခဲ့ပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှဦးစီးအရာရှိဒေါ်ဇင်နီလာဦးက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်ခဲ့ရာ လေပြင်းတိုက်ခတ်မှုကြောင့် မလွန်ကျေးရွာမှ ပြိုလဲလူနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီး လူနေအိမ်(၆)လုံး၊ ရေခါးကျေးရွာမှ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ်(၃)လုံး၊ ကဒကျေးရွာမှ တစ်စိတ် တစ်ပိုင်းပျက်စီးလူနေအိမ်(၁၅)လုံး၊ ညောင်ပင်ကျင်းကျေးရွာမှ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် လူနေအိမ်(၃၁)လုံး၊ စုစုပေါင်းပြိုလဲ ပျက်စီးလူနေအိမ် (၅၆) လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှဦးစီးအရာရှိတို့က အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၁၁၅၀၀ဝိ/)နှင့် ဆန်ရိက္ခာဖိုး (၄၄၁၀၀ဝိ/) စုစု ပေါင်း (၁၅၅၆၀၀ဝိ/)နှင့် ပြိုလဲလူနေအိမ် (၁)လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးတို့ကို လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် နေအိမ်များမှ မိသားစုဝင်များထံ ထောက်ပံ့ပေးခဲ့ပြီး၊ ညောင်ပင်ကျင်းကျေးရွာမှ ချို့တဲ့အိမ်ထောင်စု(၂)စုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ (၁၅၀၀၀ဝိ/)ထောက်ပံ့ပေးခဲ့သည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်ဘုန်းကြီးကျောင်း (၁)ကျောင်း၊ လူနေအိမ် (၅၅)လုံး၊ ပြိုလဲခဲ့သည့်လူနေအိမ်(၁)လုံးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဝန်ထမ်းများက နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရေး လိုအပ်သည်များအား ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)