နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် လယ်ဝေးမြို့နယ်အတွင်း လေးဘေးသင့်ခဲ့သော အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့အား ပြန်လည်ထူထောင်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဒက္ခိဏ မေ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေးဘေးသင့်ခဲ့သော အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့အား ပြန်လည်ထူထောင်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီခွဲက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် လေးဘေးသင့်ခဲ့သော အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာများအတွက် အကွက်ချမြေနေရာကိစ္စရပ်များ၊ အိမ်များပြန်လည်တည်ဆောက်နိုင်ရေး၊ အိမ်ဆောက်ပစ္စည်းများ ဆောင်ရွက်ပေးမည့်အခြေအနေနှင့် လေးဘေးသင့်ပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်လာကြသူများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လယ်ဝေးမြို့နယ်အတွင်း လေးဘေးသင့်ခဲ့သော အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့အား ပြန်လည်ထူထောင်နေရာ ချထားရေး ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက ပြန်လည်ထူထောင်နေရာချထားရေးအတွက် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များ နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)