ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် Grade-9နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) မေ ၂၅

ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်သော KG+12 သင်ရိုးသစ်ပညာရေးကို အောင်မြင်စွာ သင်ကြားသင်ယူမှုပြုနိုင်ရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် Grade- 9 နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းကို တိုင်းဒေသကြီးအဆင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့၊ မွန်းလွဲပိုင်းက သင်တန်းဆင်းပွဲကို အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်ရိုးသစ်ဆင့်ပွားသင်တန်းဆင်းပွဲတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်သီတာနှင့်သင်တန်း တာဝန်ခံ မှော်ဘီခရိုင်ပညာရေးမှူး ဦးအေးလွင်တို့က သင်တန်းဆင်းအမှာ စကားများပြောကြားခဲ့ကြပြီး သင်တန်းနည်းပြများက ဘာသာရပ်ဆိုင်ရာသင် ထောက်ကူပစ္စည်းများကို သင်တန်းသား/ သူဆရာ၊ ဆရာမများအား ပေးအပ်သည်။
အဆိုပါ Grade-9 နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်းသို့ မှော်ဘီခရိုင်၊ အင်းစိန်ခရိုင်နှင့် မင်္ဂလာဒုံခရိုင်ရှိ မြို့နယ်(၇)မြို့နယ်တို့မှ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ နှင့်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ Grade- 9 သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ(၁၇၉၆)ဦးနှင့် Grade-12
  သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၈၆၄)ဦး စုစုပေါင်းဆရာ၊ ဆရာမ (၂၆၆၀)ဦးတို့တက်ရောက်ခဲ့ကြပြီး Grade-12 သင်ရိုးသစ် သင်တန်းကို မေလ(၁၅)ရက်နေ့မှ မေလ(၂၄)ရက်နေ့အထိလည်းကောင်း၊ Grade-9 သင်ရိုး သစ်ဆင့်ပွားသင်တန်းကို မေလ(၁၇)ရက်နေ့မှ မေလ(၂၄)ရက်နေ့အထိလည်းကောင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။                               

ဇင်မင်းထိုက် (ပြန်/ ဆက်)