ဇီးကုန်း မေ ၂၅
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်ချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၄)လုံးအမိုးလန် ပျက်ဆီးပြီး၊ နေအိမ်တစ်လုံး ပြိုလဲခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ပေါင်ကြီးကျေးရွာတွင် နေအိမ်(၁)လုံး ပြိုလဲ၍ နေအိမ်(၃)လုံးအမိုးလန်ပျက်ဆီးပြီး၊ ဘုရားကြီးကုန်းကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်ပျက်ဆီးခဲ့သောကြောင့် စုစုပေါင်းနေအိမ်(၅)လုံး ပျက်ဆီးဆုံးရှုံးခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဘိုး (၅၉၁၆၀၀)ကျပ်ရှိကြောင်း၊ လူနှင့်တိရစ္ဆာန်များပျက်ဆီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု(၅) စုမှ အိမ်ထောင်စုဝင် (၁၅)ဦးအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများက ဆွေမျိုးသားချင်းများနေအိမ်များသို့ ပြောင်းရွေ့ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ ဆက်)