နမ့်ခမ်းမြို့နယ်အတွင်းရှိ အစိုးရအခြေခံပညာရေးကျောင်းများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်း စတင်လက်ခံလျက်ရှိ

နမ့်ခမ်း မေ ၂၅

မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အစိုးရအခြေခံပညာရေးကျောင်းများကို ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးတွင် သတ်မှတ်ခဲ့ပြီး  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ အစိုးရအခြေခံပညာရေးကျောင်းများသည် မေလ ၂၃ ရက်နေ့ နံနက်(၈:၃၀)အချိန်တွင် ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ ကျောင်းအပ်လက်ခံရာတွင် KG အတန်း ကျောင်းသား/သူလေးများအနေဖြင့် မွေးစာရင်းမိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူနှင့် မိဘအုပ်ထိန်းသူတို့၏ မှတ်ပုံတင်မိတ္တူများ တစ်ပါထဲယူဆောင်ကာ ကျောင်းအပ်နှံရပြီး ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် အခြားကျောင်းသုံးပစ္စည်းများကို အခမဲ့ ထောက်ပံပေးလျက်ရှိပါသည်။ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၄ ပညာသင်နှစ်တွင် နမ့်ခမ်းမြို့နယ်အတွင်းရှိ အစိုးရအခြေခံပညာရေးကျောင်းများတွင် တက်ရောက်သင်ကြားကြမည့် ကျောင်းသား/သူများသည် မိဘများနှင့်အတူ လာရောက် ကျောင်းအပ်နှံလျက်ရှိရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့်တကွ ဆရာ၊ ဆရာမများက နွေးထွေးပျူဌာစွာ ကြိုဆိုလက်ခံလျက်ရှိပါသည်။ ထို့အပြင် ကျောင်းအပ်လက်ခံ ဆရာ/ဆရာမများကလည်း ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ အစိုးရအခြေခံပညာရေးကျောင်းများတွင် ကျောင်းသား/သူများနှင့်မိဘ အုပ်ထိန်းသူများ အေးချမ်းစွာ ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးနှင့်တကွ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ လုံခြုံရေးအဖွဲ့ဝင်များနှင့် တာဝန်သိ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

နမ့်ခမ်း(ပြန်/ဆက်)