ဇီးကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဇီးကုန်း မေ ၂၅

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်အားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာစိုက်ပျိုးမည့်ပျိုးပင်များအား တာဝန်ရှိသူအသီးသီးက ပေးအပ်ပြီး၊ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်နေပြည်သူများစုပေါင်း၍   ကျွန်းပင်(၅၀)၊ မန်ဂျန်ရှား(၅၀)၊ ကသစ်(၃၀)၊ မဟော်ဂနီ(၂၀)၊ စုစုပေါင်းပျိုးပင်(၁၅၀)အား မြို့နယ်အားကစားကွင်းရှေ့၌  မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ  ဦးဇော်မိုးဦးနှင့် သစ်တောဝန်ထမ်းများက ဦးဆောင်၍ စုပေါင်းစိုက်ပျိုး ခဲ့ကြသည်။

သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ဒေသအပူချိန် လျော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင် ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် စိုက်ပျိုးခြင်းဖြစ်ကြောင်းနှင့် ပြည်သူလူထုသို့ ဖြန့်ဖြူးပေးရန် ပျိုးပင်ပေါင်း နှစ်သောင်းငါးထောင်ကျော်ကို ယာယီပျိုးဥယျာဉ်တွင် ပြုစုပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးအရာရှိထံမှ သိရသည်။

တင့်ဆွေ(ပြန်/ ဆက်)