ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်း၊ အခမဲ့ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးကုသခြင်း ဆက်လက်ဆောင်ရွက်ပေး

ဒဂုံဆိပ်ကမ်း မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အောင်ဆန်းအမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း၊ အခမဲ့ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးကုသခြင်းအား ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၉၁) ရပ်ကွက်၊ ဓမ္မရက္ခိတဓမ္မာရုံတွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကုသပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းအမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာစောနွဲ့နွဲ့မြင့် ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးမူယာကျော်နှင့် ကျန်းမာရေးဝန်ထမ်းများက အထွေထွေရောဂါများ ရှာဖွေကုသပေးခြင်း၊ ရပ်ကွက်များအတွင်းတီဘီရောဂါခံစားနေရသည့် ပြည်သူများအားရှာဖွေ၍ သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ/ မရှိ စစ်ဆေးကုသပေးခြင်းတို့ကို ခေတ်မီဓာတ်မှန် စက်ကြီးများဖြင့်ရှာဖွေ၍ အထူးကုဆရာဝန်ကြီးများက ကုသပေးခြင်း၊ အခြားသော အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါဆေးကုသပေးရာသို့ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ ဆေးကုသပေးခြင်းကို ရပ်ကွက်များအလိုက် ​မေလ ၂၆ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အေးမဥ္ဇူ