နတ်တလင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

နတ်တလင်း မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့မရပ်ကွက်၊ ခေမာ(၃)လမ်း ရှိနေအိမ်များ၌ အဘိတ်ဆေးခတ်ပေးခြင်းနှင့် အသိပညာပေးပြောကြားခြင်းကို‌ မေ ၂၅ ရက် နံနက် ၉ နာရီကဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာအေးအေးသန့်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပူပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ပန်းအိုးများ၊  ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုး ရေခွက်များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွားစေနိုင်စေရေးအတွက် ဖုံး၊သွန်၊လဲ၊စစ်ပြုလုပ်ခြင်း၊သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့် ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်ကလေးငယ်များသွေးလွန် တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အသိပညာပေးပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်(၇)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၇၇) အုပ်စုတို့၌လည်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို‌ ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)